အချစ်ဆိုသည်ကား အဘယ်နည်း

အချစ်ဆိုသည်ကားအဘယ်နည်း။
ကမ္ဘာမြေတွင်လူသားတို့ မေးခွန်းစထုတ်တတ်ချိန်ကစ၍ ယနေ့အထိ အစဉ်တစိုက်မေးလာခဲ့ကြသော ခေါက်ရိုးတွေအထပ်ထပ်ကျိုးနေသည့် မေးခွန်းအိုကြီးတစ်ခုဖြစ်သည်။
ရှင်းလင်းတိကျသောအဖြေကို ယနေ့အထိ မည်သူမျှမပေးနိုင်လောက်အောင် အလွန်ပင်ခက်ခဲနက်နဲလှ၍ လူတို့၏တွေးခေါ်နိုင်စွမ်းပြင်ပတွင်ရှိသော မေးခွန်းတစ်ခုဖြစ်နေသလို ဆိုက်ကားသမားကအစ ဒဿနိကဗေဒပါရဂူအဆုံး မည်သူမဆို အလွယ်တကူဖြေဆိုနိုင်သော ရိုးစင်းလွန်းလှသည့် မေးခွန်းတစ်ခုလည်းဖြစ်နေသည်။အဘယ့်ကြောင့်ဆိုသော် အချစ်သည် ယေဘုယကျသည့် ဘုံအဖြေတစ်ခုအဖြစ် ( ဥပမာ။ အချစ်သည်ပူ၏) အဓိပ္ပါယ်ဖွင့်ဆိုရန်ခက်ခဲသော အရာတစ်ခုဖြစ်နေသလို လူတိုင်းလူတိုင်းမိမိတို့ဖြတ်သန်းလာခဲ့ရသော ကြည်နူးကြေကွဲအတွေ့အကြုံများကိုမှီငြမ်း၍ အလွယ်တကူအဓိပ္ပါယ်ဖွင့်ဆိုနိုင်သော အတွေ့အကြုံမှီး အသိသဟာတစ်ခုလည်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော်၎င်းတို့အသီးသီး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ကာယကံရှင်တို့ ကိုယ်တိုင်အတွက်သာ သီးခြားမှန်နေနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သာဖြစ်၍ ၄င်းတို့အား ဘုံဖွင့်ဆိုချက်တစ်ခုအနေဖြင့် တရားသေ အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးစားမည်ဆိုပါက မိုက်မဲလွန်းရာသာကြနေပေလိမ့်မည်။
အချစ်သည် မျက်တောင်တစ်ချက်မျှပင် မခတ်ရက်လောက်အောင် ရင်သပ်အံ့သြစွာ ငေးမောကြည့်ရှုနေရသည့် ထူးဆန်းလှပသော မျက်လှည့်ပြကွက်တစ်ခုနှင့်လည်းတူသည်။ ၎င်းမျက်လှည့်ပြကွက်သည် ကျွန်ူပ်တို့အား သေသပ်ပိရိစွာလှည့်ဖြားထားသော စိတ်၏ထင်ယောင်မှောက်မှားမှုကြီး (Big Illusion) တစ်ခုသာလျှင်ဖြစ်ကြောင်း ခံစားသိရှိနေရသည့်တိုင် ထိုမျက်လှည့်ပြပွဲရုံကြီးအတွင်းမှ အဘယ့်ကြောင့်ကျွန်ူပ်တို့ ထ၍ထွက်မလာနိုင်ကြသနည်း။ အဖြေကရှင်းပါသည်။ အတုအယောင်ဖြစ်သော ထင်ယောင်မှောက်မှားမှုကြီးတစ်ခု ဖြစ်နေလျှက်နှင့်ပင် ၄င်းသည် ကျွန်ူပ်တို့ပတ်ဝန်းကျင်တွင်ရှိနေသော အခြားအစစ်အမှန်တရား (Ontology) တို့ထက် အဆပေါင်းများစွာသာလွန်၍ ကျွန်ူပ်တို့၏ စိတ်နုလုံးကို ပြော့ပြောင်းညွှတ်ကျအောင် ဆွဲငင်လွှမ်းမိုးထားနိုင်သောကြောင့်ပင်ဖြစ်သည်။
(မှတ်ချက်။ Interpersonal love နှင့် Impersonal love ဟူ၍ အချစ်၏ယေဘုယအသွင်သဏ္ဌန် နှစ်မျိုးရှိသည့်အနက် Interpersonal love ဟူသော လူအခြင်းခြင်းအတွင်း၌သာဖြစ်ပေါ်နိုင်သည့် အချစ်ကိုသာဆိုလိုသည်။ ၄င်း Interpersonal love တွင်လည်း (၅၂၈) အချစ်နှင့် (၁၅၀၀) အချစ်ဟူ၍ ချစ်ခြင်း၏ပုံစံနှစ်ခုထပ်မံကွဲပြားနေပြီး ၄င်းတွင်မှ (၁၅၀၀) အချစ်ဟုခေါ်သော သမီးရည်းစားအချစ်ကိုသာရည်ညွှန်းပြောဆိုပါသည်။)
အဘယ့်ကြောင့်လူတို့ ချစ်ကြသနည်း။
အရာရာကို ကျိုးကြောင်းဆက်စပ်မှုများဖြင့်သာ လိုက်လံတိုင်းတာနေတတ်သော သိပ္ပံပညာရှင်များက တက်စ်စတိုစထရုန်း (Testosterone) နှင့် အက်စ်ထရိုဂျင် (Estrogen) အစရှိသော ဟော်မုန်းများ ထကြွသောင်းကျန်းခြင်းကြောင့် ချစ်ခြင်းဖြစ်ပေါ်လာသည်ဟု အခိုင်အမာဖွင့်ဆိုရှင်းပြနေကြသော်လည်း ဒဿနိကဗေဒရှုထောင့်တစ်ခုမှ ကျွန်တော်ချည်းကပ်ကြည့်သောအခါ အောက်ပါအတိုင်းတွေ့ခဲ့ရသည်။
လူသည် မိမိကိုယ်ကိုဗဟိုပြု၍ မွေးဖွါးလာသော သတ္တ၀ါဖြစ်သည်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့မိသားစု၊ ငါ့ခန္ဓာကိုယ် အစရှိသည်ဖြင့် လူမှန်းသိတတ်စအရွယ်ကတည်းက မိမိကိုယ်ကို ဗဟိုပြု၍သာ တွေးခေါ်သည်။ မိမိနံဘေးတွင် တည်ရှိနေသော ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုလည်း မိမိအားဗဟိုပြု၍ ၀န်းရံဖြစ်တည်နေသော အရာဟုသာမြင်တတ်ကြသည်။
ဤသို့ဖြင့် တဖြည်းဖြည်းအရွယ်ရောက်လာသောအခါ မိမိကိုဝန်းရံထားသော ပတ်ဝန်းကျင်သည် မိမိထင်သလောက် မိမိအားအာရုံမစိုက်ဟု သံသယ၀င်လာသည်။ ထိုသံသယ တဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ လူသားသည် အားငယ်စိတ်ဝင်လာပြီး မိမိအား စဉ်ဆက်မပြတ် အာရုံစိုက်ပေးနိုင်မည့် သူတစ်ယောက်ကို အနှေးနှင့်အမြန်တောင်းဆိုလာသည်။
မိမိကိုယ်ကိုအလွန်ချစ်သော အတ္တကြီးထိန်းမနိုင်သိမ်းမရ ဖြစ်လာသောအခါ မိမိဖာသာပြန်ချစ်နေရခြင်းကို မလုံလောက်ဟုမြင်လာပြီး မိမိအပေါ်တွင် မိမိလောက်မဟုတ်တောင်မှ မိမိနည်းပါးချစ်နိုင်မည့် သူတစ်ယောက်ကို ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။
သို့သော်ထိုတောင်းဆိုမှုသည် မိမိ၏မသိစိတ်အတွင်းပိုင်းတနေရာ၏ လှုံ့ဆော်မှုသာဖြစ်၍ စိတ်၏အပေါ်ယံအလွှာသို့ ထိုအချက်အလက်များအသွင်ပြောင်းရောက်ရှိလာသောအခါ မိမိကအခြားသူတစ်ယောက်အား အာရုံစိုက်နေသည်ဟု ထင်မှတ်မှားသွားခဲ့ကြခြင်းဖြစ်သည်။
ဤကဲ့သို့ အားငယ်စိတ်လွန်ကဲနေသော လူသားနှစ်ဦးတို့ အထီးကျန်လမ်းမတစ်နေရာတွင် တွေ့ဆုံခဲ့ကြပြီး မိမိတို့ကိုယ်စီကိုယ်ငှ သယ်ဆောင်လာခဲ့ကြသော အတ္တပုံဆောင်ခဲ အသီးသီးကို အတူတကွဆက်လက်သယ်ဆောင်ရန် သဘောတူညီချက်ရယူလိုက်ကြသောဖြစ်စဉ်ကို " ချစ်ခြင်း" ဟုခေါ်သည်။
ထိုကဲ့သို့ မိမိတို့၏ ကိုယ်စီကိုယ်ငှဘ၀တို့အား အကောင်းဆုံးသက်သေခံပေးနိုင်မည့်သူဟု အပြန်အလှန်မသတ်မှတ်ကြမှီ မမျှော်လင့်ထားသော နေရာနှင့် အချိန် တစ်ခုတို့၌ မထင်မှတ်ထားသော သူနှစ်ဦး တွေ့ဆုံခဲ့ကြခြင်းကိုတော့ " ဖူးစာဆုံခြင်း" ဟုခေါ်သည်။
"ချစ်ခြင်း" ကိုအကျိုးလိုလို့ညောင်ရေလောင်းခြင်းဟု သတ်မှတ်ရန် မသင့်တော်လှသော်လည်း မိမိကအခြားသူတစ်ယောက်အား ချစ်ရန်လိုအပ်သည်ထက် အခြားသူတစ်ယောက်က မိမိအားချစ်ရန်ပို၍ လိုအပ်သည်ဟုပြောလျှင်တော့ မှားမည်ဟုမထင်မိပေ။
ထိုသို့မဟုတ်ပဲ မိမိတစ်ဦးထဲဖက်ကသာ ထိုသူကို ချစ်နေရန်လိုအပ်သည် ဆိုပါက "သ၀န်တိုခြင်း" ဆိုသောစကား ဤကမ္ဘာမြေ၏ အဘိဓါန်၌ ပါဝင်လာစရာအကြောင်းမရှိပေ။
အဘယ့်ကြောင့်ဆိုသော် သ၀န်တိုခြင်း သည် ချစ်သူကို မိမိမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ပေါ်တွင်မှ အာရုံမစိုက်စေလိုသော အချစ်ခံလိုအတ္တတစ်ခုကြောင့်သာ ထွက်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့် ချစ်၍သ၀န်တိုခြင်းဖြစ်ပေါ်လာနိုင်သည်ထက် အချစ်ခံလို၍သာ သ၀န်တိုခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
မိတ်ဆွေ....သင့်မျက်စိကိုစုံမှိတ်၍ သင့်ကိုယ်သင် မေးခွန်းတစ်ခုပြန်မေးကြည့်လိုက်ပါ။
"ငါသ၀န်တိုတတ်လားလို့....

0 comments:

About Me

My photo
နေဝေးဆိုတာ မတော်တဆ အသဲကွဲရင်း ကဗျာတွေရေးနေသူ

WOooo.

Hits Counter Powered by  RedCounter

Powered by  MyPagerank.Net
Msn bot last visit powered by MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net


Creative Commons License
M G . N A Y . W A Y by mg nay way is licensed under a Creative Commons Attribution 3.0 Unported License.
Based on a work at mgnayway.blogspot.com.
Permissions beyond the scope of this license may be available at http://mgnayway.blogspot.com/.